Tuesday, October 27, 2009


တာလီဘန်၊ မူဂျာဟစ်နှင့် အိုလမာ

ဒီကနေ့ ကမ္ဘာတ၀ှမ်းမှာ အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ခံထားရတဲ့ တာလီဘန်တွေ မပေါ်ပေါက်ခင် မူဂျာဟစ်တွေ ပေါ်ခဲ့ပါတယ်။ အဲဒီအဖွဲ့တွေဟာ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားနဲ့ အလယ် အာရှနိုင်ငံတချို့မှာ အင်အား ကောင်းခဲ့ကြတယ်။ တကယ်တော့ ဒီနှစ်ဖွဲ့စလုံးဟာ အာရပ် ဘာသာ စကားနှင့် ဘာသာရေးအသိပညာရှင်လို့ခေါ်ဆိုတဲ့ အိုလမာ အဖွဲ့ကနေ ခွဲထွက်လာခဲ့တာပါ။ အိုလမာအဖွဲ့များဟာ ဒုတိယကမ္ဘာစစ်ပြီးချိန်မှစပြီး မူစလင်ကမ္ဘာကို သြဇာလွှမ်းမိုးလာတယ်။ ဒီမတိုင်ခင်က ဆက်သွယ်ရေးစနစ်နဲ့ ဖျော်ဖြေရေးတွေ မထွန်းကားသေးတော့ အစ္စလမ်ဘာသာဝင် အများစုဟာ ဘာသာရေးစာပေနဲ့ သမိုင်းများကိုသာ ဖတ်ကြတာကြောင့် ဘာသာရေးဆိုင်ရာ ပဉာတ်များ ( ရှရီအက်တရားဥပဒေ )နှင့် ကျင့်ဝတ်တွေကို နားလည်သဘော ပေါက်တာကြောင့် အိုလမာ အဖွဲ့တွေ လူထုကြားမှာ နေရာ မရခဲ့ပါဘူး။ ဥပမာပြောရရင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဦးကာ ( ကွယ်လွန် )နှင့် ဒုတိယ ပညာရေးဝန်ကြီးဟောင်း ဒေါက်တာ မောင်ဒီတို့ဟာ ဘာသာရေးစာပေကို ဦးစွာ သင်ယူပြီးမှ ခေတ်ပညာကို သင်ယူခဲ့သူများဖြစ်ပါတယ်။ စကားချပ်။ ။ ဒေါက်တာမောင်ဒီသည် ၁၉၇၀ ၀န်းကျင်ခန့်တွင် ဘာသာမဲ့တဦးအဖြစ် ကြေညာကာ နေထိုင်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်ပြီးချိန်မှာ ဂျူးတွေကို ပါလက်စတိုင်းဒေသတွင်း ပြန်လည်နေရာချထားမှုက စတင်ပြီး အမေရိကန်နဲ့ အင်္ဂလန်တို့ရဲ့ တရားမျှတမှုမရှိတဲ ဆုံးဖြတ်ချက်တွေကို ထောက်ပြပြီး မူစလင်ကမ္ဘာကို အိုလမာတွေက စည်းရုံးခဲ့ကြတယ်။ ၁၉၅၀ ခန့်ကစပြီး အိုလမာတွေရဲ့ သြဇာဟာ တစတစ ကြီးထွားလာပါတော့တယ်။ အဲဒီအချိန်ကစပြီး သူတို့ရဲ့ အာဏာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု မှန်သမျှကို နှိမ်နှင်းပါတော့တယ်။ ဥပမာအားဖြင့်ပြောရရင် သူတို့အရင် အစ္စလာမ်ဘာသာမှာ သြဇာ ရှိခဲ့ကြတဲ့ ဆူဖီ ( သူတော်စဉ် )များနှင့် ထွက်ရပ်ပေါက် ပုဂ္ဂိုလ်များရဲ့ ဂူဗိမာန်များကို ဘာသာရေး အပြင်မှ လုပ်ရပ်များအဖြစ် ပြောဆိုပြီး ဖျက်ဆီးပစ်ခဲ့ကြတယ်။
မြန်မာနိုင်ငံမှာတော့ ၁၉၈၈ အာဏာသိမ်းပြီးချိန်မှာ စစ်အစိုးရက မြို့လည်မှ သုဿာန် နေရာများကို ဖယ်ရှားရန်စတင်ချိန်တွင် အိုလမာများက ဖျက်သိမ်းမှုကို ထောက်ခံ ခဲ့ကြသည်။ အကြောင်းကတော့ အဲဒီသုဿာန်များအတွင်း၌ရှိသော သူတော်စဉ်များနှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ် များ၏ ဂူဗိမာန်များ မရှိမှသာ ၎င်းတို့၏ သြဇာများ နောင်အနာဂါတ်တွင် ပိုမိုလွှမ်းမိုးရန် ရည်ရွယ်၍ ယခုလို စစ်အစိုးရအလိုကြ ဘာသာရေးနှင့် မကိုက်ညီစွာ ပြုလုပ်ခဲ့ကြတယ်။ အစ္စလာမ်သာသနာရေးကောင်စီကမူ ကန့်ကွက်ခဲ့သည်။ စစ်အစိုးရကလည်း အဲဒီ အချိန်ကစပြီး သူတို့ကို အသိအမှတ် ပြုခဲ့တယ်။ အရင်အချိန်ကအစ္စလာမ် သာသနာရေးကောင်စီသာလျင် မြန်မာနိုင်ငံရှိ မူစလင်တို့ရဲ့ ကိုယ်စားပြုအဖွဲ့အစည်းဖြစ်ရာက ယခုအချိန်မှာတော့ နှစ်ဖွဲ့ဖြစ်နေပါတယ်။
တချို့သော အိုလမာများဟာ ဘာသာရေးအာဏာအပြင် နိုင်ငံရေးအာဏာတွင်ပါ သူတို့ဝင်ရောက် ချယ်လှယ်နိုင်ရန် ကြိုးစားရာမှ မူဂျာဟစ်အဖွဲ့များ ဖွဲ့ပြီး စစ်ရေးအရပါ ဆောင်ရွက်ပါ တော့တယ်။ မူဂျဟစ်လှုပ်ရှားမှုများကို လုပ်ဆောင်ချိန်တွင် မအောင်မြင်ခဲ့သဖြင့် ပျောက်ကွယ်လု ဖြစ်နေချိန်တွင်တကမ္ဘာလုံး၌ ဆက်သွယ်ရေးနည်းပညာများ အလျင်အမြန်တိုးတက်မှုကြောင့် လူအများစုသည် အနောက်တိုင်းယဉ်ကျေးမှုများ၏ သြဇာလွှမ်းမိုးမှုကို ခံနေရပြီး ဘာသာရေး သွန်သင် ဆုံးမမှုများကို လိုက်နာမှု နည်းပါးလာကြတယ်။ အထူးသဖြင့် အိမ်တွင်းဖြော်ဖြေရေးများတွင်သာ အချိန်ကုန်ခံပြီး ဘာသာရေးကိုင်းရှိုင်းမှုနည်းပါးလာခြင်း၊ တကိုယ်ရေလွတ်လပ်မှုကို ပိုမိုလက်ခံပြီး အိုလမာများကိုရှောင်ကျဉ်လာခြင်းတို့ကို ဘာသာရေးအရ ထောက်ပြခြင်း၊ နိုင်ငံရေးအားဖြင့် အစ္စလာမ် ဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နေရာများတည်ရှိသော ဆော်ဒီအာရေဗျအပါအ၀င် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အမေရိကန့်ရဲ့ တပ်များချထားနှင့် စိုးမိုးလာမှုကို ထောက်ပြခြင်း၊ အနောက်တိုင်းယဉ်ကျေးမှုဆန့်ကျင်ရေးနှင့် ဘာသာရေးသွန်သင်ချက်များကို တိတိကျကျ လိုက်နာ စေရန် စသည်တို့ကိုရည်ရွယ်ပြီး တာလီဘန်အဖွဲ့တွေကို အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့မှာ စတင် ဖွဲ့စည်းခဲ့ကြပါတယ်။ ကံအားလျော်စွာ အာဖဂန်မှာ တာလီဘန်တွေ အာဏာရသွားတော့ ဆော်ဒီအာရေးဗျက အသိအမှတ်ပြုခြင်းကို ကြည့်ခြင်းအားဖြင့် မူစလင်ကမ္ဘာမှာ အိုလမာ တာလီဘန်တို့ကို မည်မျှနေရာပေးနေပြီး အနောက်အုပ်စုကို ဆန့်ကျင်ချင်တဲ့ဆန္ဒ ဘယ်လောက်ရှိတယ် ဆိုတာကို ဤအချက်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ၉/၁၁ ဖြစ်စဉ် ပြီးမှသာ အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် ဆော်ဒီအာရေးဗျက တာလီဘန်အစိုးရကို အသိမှတ်ပြုမှု ရပ်ဆဲလိုက်တာပါ။
တာလီဘန်တွေကို စစ်ရေးအရ အပြတ်ရှင်းရေးလုပ်ငန်းစဉ်ဟာ ဘယ်တော့မှ အောင်မြင် လာမှာ မဟုတ်ပါဘူး။ ကမ္ဘာ့မူစလင်အများစုရဲ့အမြင်မှာ အမေရိကန်နှင့် တခြားအနောက်အုပ်စုဝင် နိုင်ငံများသည် အရှေ့အလယ်ပိုင်း ပြဿနာကို ဘက်လိုက်ပြီးဆောင်ရွက်နေကြသည်။ ဒါ့ကြောင့် ပါလက်စတိုင်းတို့ ဒုက္ခရောက်နေရသည်ဆိုပြီး မြင်ကြသဖြင့် သူတို့အားလုံးသည် အမေရိကန်နှင့် အနောက်အုပ်စု ဆန့်ကျင်သူကို လူစွမ်းကောင်းအဖြစ် လက်ခံပြီး ထောက်ခံကြသည်။ ဒါ့ကြောင့် အစ္စလာမ်နိုင်ငံတွေမှာ ဘာသာရေးအခြေခံ နိုင်ငံရေးအဖွဲ့အစည်းတွေကို လူတွေက အားပေးလာကြ တာပါ။ အဲဒီလူတွေက နောင်မှာ သူတို့ရဲ့ လွတ်လပ်ခွင့်တွေကို ကန့်သတ်လာမှသာ ( ရှရီ အက်တရား ဥပဒေနှင့် အတင်းအကျပ် ထိမ်းချုပ်လာ ) မထောက်ခံကြတော့တာပါ။
ရှရီတရားဥပဒေအကြောင်းကို အနည်းငယ်ရှင်းပြလိုပါသည်။ ဒီကနေ့ ရှရီအက်တရားဥပဒေ ဟု ကြားရုံဖြင့် အင်မတန်ပြင်းထန်သော ဘာသာရေးဥပဒေအဖြစ် အားလုံးကမြင်ကြသည်။ တကယ်တော့ ဤဥပဒေတွင် ယနေ့ခေတ် ဥပဒေများကဲ့သို့ စီရင်ချက်ချမှာရာ၌ တရားသူကြီး၏ ဆီရင်ဆုံးဖြတ်မှုအပေါ်တွင်သာ မူတည်သည်။ သို့သော်လည်း စီရင်ထုံးဖြတ်ခွင့်ရှိသော ဘာသာရေး ဆိုင်ရာ ပညာရှင်များဖြစ်ကြသူ အိုလမာများသည် လုပ်ကိုင်ခွင့်ကို အဆုံးစွန်ထိ အသုံးချခဲ့သောကြောင့် သာ မူစလင်မဟုတ်သောသူများက ရှရီအက်ဥပဒေကို လက်မခံနိုင်ခြင်းဖြစ်သည်။ ဥပမာပြရလျင် မြန်မာနိုင်ငံ၌ မိန်းကလေးငယ်တဦးနှင့် အမျိုးသာငယ်တဦးတို့ ဘာသာရေးအရ တရားဝင် လက်ထပ်ခြင်းမရှိဘဲ အတူတကွပေါင်းသင်းနေထိုင်ပြီးမှ နှစ်ဘက်သော မိဘများ၏ အစီအစဉ်ဖြင့် ပြန်လည်၍ ဘာသာရေးအရ တရားသင်လက်ထပ်ရန် ပြုလုပ်သောအချိန်၌ ဘာသာရေးဆရာ ( ဗလီဆရာ ) ( စကားချပ်။ ။ ထိုသူတို့သည် အိုလမာအဖွဲ့ဝင်လည်းဖြစ်နိုင်သည်။ ) က အဆိုပါစုံတွဲအား မေးမြန်းမှုတခု ပြုလုပ်ပါသည်။ အသင်တို့နှစ်ဦးသည် ဘာသာရေးအရ တရားဝင်လက်ထပ်ခြင်းမရှိဘဲ အတူတကွပေါင်းသင်းဆက်ဆံမှုရှိခဲ့ပါသလားဟုမေးမြန်းသော် အမှန်အတိုင်း ဖြေဆိုကြရသည်။ အဲဒီအချိန်၌ ဆက်ဆံမှုရှိခဲ့သည်ဟုဖြေဆိုပါက ဗလီဆရာမှ ပြစ်ဒဏ်ပေးပါသည်။ ဥပဒေအရ ပြစ်ဒဏ်မှာ ကျောတရာ၊ ရင်တရာ ရိုက်နှက်၍ အပြစ်ပေးရမည်။ သို့သော်လည်း အသုံးပြုရမည်မှာ ကြိမ်လုံး၊ ၀ါးခြမ်းပြား၊ ကျူရိုး၊ ငှက်ပျောရိုးအစရှိသဖြင့် စီရင်ဆုံးဖြတ်သူအပေါ်မူတည်၍ ရွေးချယ်ပိုင်ခွင့် ရှိရာ များသောအားဖြင့် ငှက်ပျောရိုးကဲ့သို့သော ခံနိုင်ရည်ရှိသည့်အရာကိုသာ ရွေးချယ် အသုံးပြုသဖြင့် ပြစ်ဒဏ်ခံရသူအတွက် ပြဿနာမရှိပေ။ သို့သော်လည်း တခြားမူစလင်နိုင်ငံများ၌မူ ကြီးလေးသော ပြစ်ဒဏ်များကိုသာ အသုံးပြုကြသည်။
ဤနေရာတွင် အခန့်သင့်၍ဗလီဆရာများနှင့်ပက်သတ်ပြီး ရှင်းပြချင်ပါသည်။ မြန်မာနိုင်ငံတွင် ဗလီဆရာများကို အစ္စလာမ်ဘုန်းကြီးဟု တခြားဘာသာဝင်များက လွယ်ကူစွာ ခေါ်ပြောနေမှုမှာ မှားယွင်းနေပါတယ်။ အမှန်မှာ အစ္စလာမ်ဘာသာတွင် ဘုန်းကြီးမရှိပါ။ သူတို့အားလုံးသည် ဘာသာရေး စာပေကိုကျွမ်းကျင်နားလည်ပြီး ၀တ်ပြုရာတွင် ရှေ့ဆောင် ရှေ့ရွက် ပြုရသူများသာလျင် ဖြစ်သည်။
အချုပ်အားဖြင့်ပြောရလျင် အစ္စလာမ်ဘာသာသည် တင်းမာပြင်းထန်သော ဘာသာတရား မဟုတ်ပါ။ လူ့ပါတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်သော ဘာသာတရားဖြစ်သော်လည်း လက်ရှိအချိန်၌ ဘာသာရေးအရ အာဏာရှိကြသော ဘာသာရေးပညာရှင်များ ( အိုလမာ၊ တာလီဘန်) ကြောင့်သာ ယနေ့ကမ္ဘာတွင် ကြောက်စရာဘာသာရေးအဖြစ် အမြင်ခံနေရခြင်းဖြစ်သည်။ အိုလမာ၊ တာလီဘန်များကို အန်တုနိုင်သော ဘာသာရေးပညာရှင်များ နေရာမရသ၍ ဤပြဿနာများကို ကမ္ဘာနှင့်အ၀ှမ်း ရင်ဆိုင်နေကြရဦးမည်ကို တွေးရင်း စိတ်မကောင်းဖြစ်မိပါသည်။


ထွန်းထွန်း

No comments: