Friday, October 30, 2009

ရွှေ့ပြောင်းအလုပ်သမား
နှင့်
မလေးရှားအလုပ်သမားဥပဒေပါ အခွင့်အရေးများ

မေး။ ။ မည်သို့သောအလုပ်သမားသည် မလေးရှားအလုပ်သမားဥပဒေပါ အခွင့်အရေးများကို ခံစားခွင့် ရှိသနည်း။
ဖြေ။ ။ လစာငွေရင်းဂစ် ၁၅၀၀အောက် ၀င်ငွေရှိသော အလုပ်သမားအားလုံးခံစားခွင့်ရှိသည်။ အထွေထွေ အလုပ်သမားများအတွက်မူ လစဉ်ဝင်ငွေဘယ်လောက်ပပ်ဖြစ်စေ အကြုံးဝင်သည်။ အလုပ်ရှင်နှင့် စာချုပ်ချုပ်ဆို၍ လုပ်ကိုင်နေသော အလုပ်သမားများလည်း အကြုံးဝင်သည်။

မေး။ ။ လုပ်ငန်းသဘောတူ စာချုပ်ဆိုသည်မှာ ဘယ်အရာကို ခေါ်သနည်း။
ဖြေ။ ။ လုပ်ငန်းသဘောတူစာချုပ်ဆိုသည်မှာ လူတဦးသည် အခြားလူတဦးထံ၌ အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်ခြင်းကို ဆိုလိုပါသည်။ လုပ်ငန်းသဘောတူစာချုပ်တွင် နှုတ်အားဖြင့်လည်းကောင်း၊ စာအားဖြင့်လည်းကောင်း ၂မျိုး ရှိနိုင်ပါသည်။ အလုပ်သမားအနေဖြင့် လုပ်ငန်းသဘောတူစာချုပ် မိတ္တူ တစောင်ကို သိမ်းဆည်းထားခွင့်ရှိသည်။

မေး။ ။ မလေးရှားအလုပ်သမားဥပဒေ ၁၉၅၅သည် ရွှေ့ပြောင်းအလုပ်သမားများအတွက် အကြုံးဝင်ပါသလား။
ဖြေ။ ။ ဟုတ်ကဲ့။ ရွှေ့ပြောင်းအလုပ်သမားများလည်း အကြုံးဝင်ပါသည်။

မေး။ ။ မလေးရှားအလုပ်သမားဥပဒေ ၁၉၅၅တွင် မည်သို့သော အခွင့်အရေးများကို တွေ့နိုင်ပါသနည်း။
ဖြေ။ ။ အလုပ်သမားတို့၏ ရပိုင်ခွင့်အားလုံးပါဝင်ပါသည်။ ဆိုလိုသည်မှာပုံမှန်အလုပ်ချိန် သတ်မှတ်ချက်၊ အချိန်ပိုအလုပ်နှင့် လုပ်အားခပေးချေမှု၊ လုပ်သက်ခွင့်၊ အများပြည်သူအားလပ်ရက်ခွင့်၊ ကျန်းမာရေးခွင့်၊ လစာငွေ စသည်တို့ ဖြစ်ကြပါသည်။ ထို့ပြင် အလုပ်ရှင်အနေဖြင့် အလုပ်သမားထံမှ လစာငွေဖြတ်တောက်ခြင်းကို ဥပဒေဘောင် အတွင်းမှသာ ဖြတ်တောက်ခွင့်ရှိသည်။ အမျိုးသမီးများ အနေဖြင့် မီင်္းဖွားခွင့်ကို ခံစားခွင့် ရှိသည်။

မေး။ ။ အကယ်၍ အလုပ်သမားတဦးသည် အလုပ်ရှင်နှင့် စာချုပ်ချုပ်ဆို၍ လုပ်ကိုင်ခဲ့သော် ၎င်းအနေဖြင့် ၁၉၅၅ အလုပ်သမားဥပဒေနှင့် အကြုံးဝင်ပါသလား။
ဖြေ။ ။ ဟုတ်ကဲ့ အကြုံးဝင်ပါသည်။ စာချုပ်တွင် မည်သို့သော အခွင့်အရေးများပါသည်ကို သေချာစွာ ကြည့်ရှုပါ။ အလုပ်သမား ဥပဒေသည် ကောင်းမွန်သော်လည်း ထိုအခွင့်အရေးများ သင်၏စာချုပ်တွင် ပါဝင်ခြင်းရှိမရှိ စစ်ဆေးပါ။ မပါရှိခဲ့သော် ဖြည့်စွက်ရေးသားရန် တောင်းဆိုပိုင်ခွင့်ရှိသည်။

မေး။ ။ ပုံမှန်အလုပ်ချိန်ဆိုသည်မှာ ဘာလိုဆိုလိုပါသလဲ။
ဖြေ။ ။ အလုပ်ရှင်နှင့်အလုပ်သမား လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုစဉ် သဘောတူညီထားသော သာမန် အလုပ်ချိန်ကို ခေါ်ဆိုပါသည်။ ပုံမှန်အလုပ်ချိန်တွင်
၁။ တနေ့လျင် ၈နာရီ သတ်မှတ်ပြီး နားရက်ပါဝင်ပါသည်။
၂။ ၅နာရီဆက်တိုက် အလုပ်လုပ်ခဲ့ရသော် မိနစ် ၃၀ထက်မနည်းသော နားချိန်ကို ရရှိရမည်။
၃။ တပတ်တွင် ၄၈နာရီ ပုံမှန်အလုပ်ချိန်ရှိသည်။ အပြန်အလှန် ချုပ်ဆိုထားသော စာချုပ်တွင် တနေ့အလုပ်ချိန် ၉နာရီချုပ်ဆိုနိုင်သော်လည်း တပတ်တွင် ၄၈နာရီထက် မပိုရပါ။
မေး။ ။ အချိန်ပို အလုပ်ချိန်ဆိုသည်မှာ ဘာကို ခေါ်ပါသနည်း။
ဖြေ။ ။ အချိန်ပို အလုပ်ချိန်ဆိုသည်မှာ ပုံမှန်အလုပ်ချိန် ၈နာရီထက် ကျော်လွန်၍ လုပ်ရသော အလုပ်ချိန်ကို ဆိုလိုပါသည်။

မေး။ ။ အချိန်ပို အလုပ်ချိန်အတွက် လုပ်အားခ မည်မျှရရှိနိုင်ပါသလဲ။
ဖြေ။ ။အချိန်ပိုလုပ်အားခသည် အောက်ဖေါ်ပြပါအတိုင်း ရရှိရမည်။
၁။ သာမာန်အလုပ်လုပ်ရက်အတွက် အချိန်ပို ၁နာရီ လုပ်အားခသည် သာမာန်အလုပ်ချိန် တနာရီလုပ်အားခ၏ တဆခွဲ။
၂။ နားရက်တွင် အလုပ်လုပ်ခဲ့ရသော် သာမန်အလုပ်ချိန် တနာရီ လုပ်အားခ၏ နှစ်ဆ။
၃။ အများပြည်သူ အားလပ်ရက်တွင် အလုပ်လုပ်ခဲ့ရသော် သာမန်အလုပ်ချိန် တနာရီ လုပ်အားခ၏ သုံးဆ ရရှိရမည်။

မေး။ ။ အလုပ်သမားအနေဖြင့် တလတွင် အချိန်ပို အလုပ်ချိန်နာရီ မည်မျှလုပ်ကိုင်နိုင်သည်ဟု အလုပ်သမား ဥပဒေတွင် ကန့်သတ်ထားမှု ရှိပါသလား။
ဖြေ။ ။ အလုပ်သမားတဦးအနေဖြင့် တလလျင် အချိန်ပို ၁၀၄နာရီထက် ကျော်လွန်၍ လုပ်ကိုင်ရန် မလိုပါ။

မေး။ ။ လုပ်ငန်းသဘောတူစာချုပ်တွင် လုပ်အားခ ပေးရမည့် အချိန်ကို အသေးစိတ် ဖေါ်ပြ၍ လိုက်နာရန်အချက်အဖြစ် သတ်မှတ်ထားပါသလား။
ဖြေ။ ။ လုပ်ငန်းသဘောတူစာချုပ်တွင် လုပ်အားခပေးရမည့်အချိန်နှင့် ပါတ်သက်၍ အသေးစိတ် ဖေါ်ပြရမည်။ ၁လထက်ပို၍ ဖေါ်ပြခွင့်မရှိစေရ။ အကယ်၍ မည်သည့်သတ်မှတ်ချက်မှ ဖေါ်ပြမထားခဲ့သော် လုပ်အားခ ပေးရမည့် အချိန်သတ်မှတ်ချက်ကို ၁လဟု သတ်မှတ်နိုင်ပါသည်။

မေး။ ။ အလုပ်ရှင်အနေဖြင့် လုပ်အားခကို မည်သည့်အချိန်တွင် ပေးရမည်နည်း။
ဖြေ။ ။ လုပ်အားခ (ဥပဒေနှင့်အညီ ဖြတ်တောက်ပြီး) ကို လုပ်အားခပေးရမည့် အချိန်ကျော်လွန်ပြီးနောက် ၇ ရက်ထက် မကျော်လွန်ပဲ ပေးဆောင်ရမည်။ အကယ်၍ အကြောင်းတစုံတရာကြောင့် နောက်ကျ၍ ပေးဆောင်ရန်ဖြစ်ခဲ့သော် လုပ်ငန်းရှင်အနေဖြင့် အလုပ်သမားဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ တင်ပြပြီး လျှောက်ထားနိုင်သည်။

မေး။ ။ ဥပဒေနှင့်အညီ လစာငွေ ဖြတ်တောက်ခြင်းဆိုသည်မှာ ဘာကို ဆိုလိုပါသနည်း။
ဖြေ။ ။ ၎င်းတို့မှာ ဥပဒေအရ ခွင့်ပြုထားသော အလုပ်သမားဖူလုံရေး ရန်ပုံငွေနှင့် အသက်အာမခံကြေး ပေးဆောင်ရန်အတွက် ဖြတ်တောက်ခြင်းကို ဆိုလိုပါသည်။ အလုပ်သမားဥပဒေတွင် လွန်ခဲ့သော ၃လက အကြောင်းတစုံတရာကြောင့်အလုပ်ရှင်ထံမှ ချေးယူထားသော ငွေအား ဖြတ်တောက်ခွင့် ပြုထားပါသည်။ သို့သော်လည်း ၁လလုပ်အားခထက်ပိုသော ငွေကြေး ဖြတ်တောက်ခြင်းကို ခွင့်မပြုပါ။

မေး။ ။ ဥပဒေအရ ခွင့်ပြုထားသော အများဆုံးလစာငွေ ဖြတ်တောက်ခြင်းမှာ ဘယ်လောက်ရှိသနည်း။
ဖြေ။ ။ လစာငွေ ဖြတ်တောက်မည့်လတွင် အလုပ်သမားရရှိခဲ့သော လုပ်အားခ၏ တ၀က်ကိုသာ ဖြတ်တောက်ခွင့်ရှိသည်။ ထို့ကြောင့် အလုပ်သမားအနေဖြင့် လစာငွေ၏ တ၀က်ကို ရရှိရမည်။

မေး။ ။ လုပ်ငန်းသဘောတူစာချုပ် ပုံမှန်ပြီးဆုံးခဲ့သော် မည်သည့်အချိန်တွင် အလုပ်သမားအနေဖြင့် လစာငွေ ရရှိရမည်နည်း။
ဖြေ။ ။ လုပ်ငန်းသဘောတူစာချုပ် ပုံမှန်ပြီးဆုံးရန် တရက်အလိုတွင် အလုပ်သမားအနေဖြင့် သူ၏ လစာငွေကို ရရှိရမည်။

မေး။ ။ ဥပဒေအရ အမျိုးသမီးများ မလုပ်ကိုင်ရန် တားမြစ်ထားသော အလုပ်များရှိပါသလား။
ဖြေ။ ။ ဥပဒေအရ အမျိုးသမီးများ မလုပ်ကိုင်ရန် တားမြစ်ထားသော အလုပ်အကိုင်များမှာ မြေအောက်တွင် လုပ်ကိုင်ရသော လုပ်ငန်းများကို အထူးတားမြစ်ထားသည်။ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တွင်မူ ည ၁၀နာရီမှ နံက် ၅နာရီ အတွင်း လုပ်ရသော လုပ်ငန်းများ အတွက် အလုပ်သမားဌာန ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုမိန့်ရရှိမှသာ လုပ်ကိုင်နိုင်မည်။

မေး။ ။ ဥပဒေအရ အလားလပ်ရက် မည်မျှ ခံစားခွင့်ရှိသနည်း။
ဖြေ။ ။ အလုပ်သမားအနေဖြင့် ၁ပတ်တွင် ၁ရက် အားလပ်ရက် ခံစားခွင့်ရှိသည်။

မေး။ ။ အလုပ်ရှင်သည် လုပ်ငန်းလိုအပ်ချက်ကြောင့် အလုပ်သမားကို အားလပ်ရက်တွင် အလုပ်လုပ်ကိုင်ရန် ခွင့်ပြုပါသလား။
ဖြေ။ ။ အောက်ဖေါ်ပြပါ အချက်များနှင့် ကိုက်ညီမှသာ အလုပ်ရှင်သည် အားလပ်ရက်တွင် အလုပ်ခိုင်းစေ နိုင်ပါသည်။ ဥပမာ
၁။ လူမှုအဖွဲ့အစည်း၏ ဘ၀အတွက် မရှိမဖြစ် လိုအပ်ခဲ့သော်
၂။ နိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် မရှိမဖြစ် လိုအပ်ခဲ့သော်
၃။ သစ်ပင်ပန်းမန်နှင့် စက်ပစ္စည်းများအတွက် လက်ငင်းလိုအပ်ချက်
၎။ ကြိုတင်ခန့်မှန်၍ မရနိုင်သော လုပ်ငန်းနှောက်ယှက်မှုများကြောင့် အလုပ်လိုအပ်ခဲ့သော်
တို့ ဖြစ်ကြပါသည်။ အထက်ပါ အချက်များအားလုံးသည် မလေးရှားနိုင်ငံ၏ စီးပွါးရေးအတွက် မလုပ်မဖြစ် လိုအပ်မှသာ လုပ်ကိုင်နိုင်သည်။ ထို့ပြင် ယင်းအချက်များနှင့် ပါတ်သက်၍ စက်မှုလုပ်ငန်း ဆိုင်ရာ နည်းဥပဒေ ၁၉၆၇တွင် အသေးစိတ် ဖေါ်ပြထားသည်။

မေး။ ။ အားလပ်ရက်တွင် အလုပ်လုပ်ကိုင်ရသော် လစာငွေ မည်သို့ ခံစားနိုင်ပါ သနည်း။
ဖြေ။ ။ အားလပ်ရက်တွင် လိုအပ်ချက်ကြောင့် အလုပ်လုပ်ကိုင်ရသော် သာမန် ၁ရက် လုပ်အားခကို အပိုဆောင်းငွေအဖြစ် ထပ်ဆောင်းခံစားခွင့်ရှိသည်။

မေး။ ။ အလုပ်သမားသည် တနှစ်တွင် အများပြည်သူအားလပ်ရက်ကို မည်မျှ ခံစားခွင့် ရှိသနည်း။
ဖြေ။ ။ အလုပ်သမားအနေဖြင့် ၁နှစ်တွင် ၁၀ရက်ထက် မနည်းသော အများပြည်သူ အားလပ်ရက် ခံစားခွင့် ရှိသည်။

မေး။ ။ အများပြည်သူ အားလပ်ရက်တွင် အလုပ်လုပ်ကိုင်ရသော် လစာငွေ မည်သို့ ခံစားနိုင်ပါ သနည်း။
ဖြေ။ ။ အများပြည်သူ အားလပ်ရက်တွင် အလုပ်လုပ်ကိုင်ရသော် လုပ်အားခအနေဖြင့် သာမန် ၁ရက် လုပ်အားခအပြင် ထိုလုပ်အားခ၏ ၂ဆကိုပါ တပါတည်း ခံစားခွင့်ရှိသည်။

မေး။ ။ အလုပ်သမားတွင် လစာနှင့်လုပ်သက်ခွင့် မည်မျှ ခံစားနိုင်ပါသည်နည်း။
ဖြေ။ ။ လုပ်ငန်းခွင်တွင်
- ၂နှစ်အောက်လုပ်ခဲ့သော် ၁နှစ်လျင် ၈ရက်
- ၂နှစ်မှ ၅နှစ်အတွင်းလုပ်ခဲ့သော် တနှစ်လျင် ၁၂ရက်
- ၅နှစ်နှင့်အထက်လုပ်ခဲ့သော် တနှစ်လျင် ၁၆ရက် ခံစားခွင့်ရှိသည်။
လုပ်သက်ခွင့်တွင် ကျန်းမာရေးကြောင့်ယူခဲ့သော ရှောင်တခင်ခွင့်နှင့် သားဖွားခွင့်များ အကျုံး မ၀င်ပါ။

မေး။ ။ တနှစ်တွင် လစာနှင့် နာမကျန်းခွင့် မည်မျှ ခံစားနိုင်ပါသနည်း။
ဖြေ။ ။ လစာနှင့် နာမကျန်းခွင့်ကို ပြက္ခဒိန်နှစ်အလိုက် အောက်ဖေါ်ပြပါအတိုင်း ခံစားခွင့်ရှိသည်။ လုပ်ငန်းတွင်
- ၂ နှစ်အောက်လုပ်ခဲ့သော် ၁၄ရက်
- ၂နှစ်နှင့် ၅နှစ်ကြားလုပ်ခဲ့သော် ၁၈ရက်
- ၅နှစ်နှင့်အထက် လုပ်ခဲ့သော် ၂၂ရက်
- လိုအပ်ချက်ကြောင့် ဆေးရုံတက် ကုသရသော် ၆၀ရက် ခံစားခွင့်ရှိသည်။

မေး။ ။ ကျန်းမာရေးခွင့် လစာနှင့် ပါတ်သက်၍ အလုပ်သမားအနေဖြင့် ခံစားခွင့်မရှိခဲ့သော် မည်သို့မည်ပုံ ခံစားခွင့်ရှိသည်ကို အသေးစိတ်ဖေါ်ပြထားပါသလား။
ဖြေ။ ။ အလုပ်သမားအနေဖြင့် ကျန်းမာရေးခွင့်နှင့် သားဖွားခွင့် လစာများကို အလုပ်သမားနစ်နာကြေး ဌာနမှ ပေးသော နစ်နာကြေးငွေကို သက်ဆိုင်ရာ ကာလအပိုင်းအခြားထိ ခံစားခွင့် ရှိသည်။

မေး။ ။ အလုပ်သမားအနေဖြင့် မလိုက်နာသောကြောင့် လုပ်ငန်းသဘောတူစာချုပ် ပျက်ပြယ်ခြင်းနှင့် ပါတ်သက်၍ အသေးစိတ် မည်သို့ဖေါ်ပြပါသနည်း။
ဖြေ။ ။ အလုပ်သမားအနေဖြင့် မလိုက်နာသောကြောင့် လုပ်ငန်း သဘောတူစာချုပ် ပျက်ပြယ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အလုပ်သမားများအနေဖြင့် သာမန်အလုပ်လုပ်ရက်တွင် ၂ရက်ဆက်တိုက် ခွင့်မဲ့ပျက်ကွက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ သို့သော် အလုပ်သမားအနေဖြင့် ပျက်ကွက်ခဲ့သော ခွင့်ရက်အတွင်း အလုပ်ရှင်ထံ အကျိုးသင့်အကြောင်းသင့် ရှင်းပြနိုင်သော အခွင့်အရေး ရှိသည်။

မေး။ ။ လုပ်ငန်းရှင်ဖက်မှ မလိုက်နာသောကြောင့် လုပ်ငန်းသဘောတူစာချုပ် ပျက်ပြယ်ခြင်းနှင့် ပါတ်သက်၍ အသေးစိတ် မည်သို့ ဖေါ်ပြပါသနည်း။
ဖြေ။ ။ လုပ်ငန်းရှင်အနေဖြင့် လုပ်ခလစာငွေအား လုပ်အားခပေးရမည့်အချိန်၏ ၇ရက်အတွင်း ပေးဆောင်ရန် ပျက်ကွက်ခဲ့သော် လုပ်ငန်းသဘောတူစာချုပ် ပျက်ပြယ်ပါသည်။

မေး။ ။ ရွှေ့ပြောင်းအလုပ်သမားများ (နိုင်ငံခြားသား) အလုပ်ခန့်ရန်အတွက် ပြည်တွင်းမှ နိုင်ငံသား အလုပ်သမားများနှင့် ချုပ်ဆိုထားသော လုပ်ငန်းသဘောတူစာချုပ်ကို ရပ်ဆဲနိုင်ပါသလား။
ဖြေ။ ။ မရမပါ။ ရွှေ့ပြောင်းအလုပ်သမားများ (နိုင်ငံခြားသား) အလုပ်ခန့်ရန်အတွက် ပြည်တွင်းမှ နိုင်ငံသား အလုပ်သမားများနှင့် ချုပ်ဆိုထားသော လုပ်ငန်းသဘောတူစာချုပ်ကို ရပ်ဆဲ၍ မရပါ။ (ပိုက်ခွဲ ၆၀M)

မေး။ ။ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြည်တွင်းမှ နိုင်ငံသားအလုပ်သမားများကို လုပ်ငန်းရှင်အနေဖြင့် ခွဲခြားဆက်ဆံနိုင်ပါသလား။
ဖြေ။ ။ မရပါ။ လုပ်ငန်းရှင်အနေဖြင့် မပြုလုပ်ရပါ။ ဥပဒေတွင် လုပ်ငန်းရှင်ကြောင့် ပြည်တွင်းမှ နိုင်ငံသား အလုပ်သမားများအနေနှင့် ရွှေ့ပြောင်းအလုပ်အလုပ်သမားများကို မဖွယ်မရာ ဆက်ဆံခဲ့သော် လည်းကောင်း၊ ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ပြည်တွင်းမှ နိုင်ငံသား အလုပ်သမားများကို မဖွယ်မရာ ဆက်ဆံခြင်းများ ဖြစ်ပေါ်ခဲ့သော် အသင်းအဖွဲ့တို၏ သဘောတူညီမှု စည်းကမ်းများကို အလေးထားပြီး အလုပ်သမားရုံးတွင် သွားရောက်တိုင်ကြားနိုင်သည်။

မေး။ ။ အလုပ်သမားလျော့ချရန် အခြေအနေဖြစ်ပေါ်လာပါက မည်သူ့ကို အရင် အလုပ်မှ ရပ်ဆိုင်း ရမည်နည်း။
ဖြေ။ ။ သာမန်အားဖြင့်ဆိုသော် နောက်ဆုံးမှ ရောက်ရှိလာသော အလုပ်သမားကို စတင်ရပ်ဆဲ့မည်။ သို့သော်လည်း ရွှေ့ပြောင်းအလုပ်သမားများအတွက်တွင်မူ ၎င်းတို့အနေဖြင့် အရင်ဆုံး ရပ်ဆဲခံရမည်။ အလုပ်သမားဥပဒေ အပိုက်ခွဲ ၆၀N တွင် လုပ်ငန်းရှင်အနေဖြင့် လုပ်ငန်းကျဆင်းသောကြောင့် အလုပ်သမားလျော့ချရန် လိုအပ်လာပါက ပြည်တွင်းအလုပ်သမားကို အရင် လျော့ချပိုင်ခွင့် မရှိစေရ။ ထိုလုပ်ငန်းတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများကို စတင်ရပ်ဆဲရမည်။ ထို့နောက် ၎င်းအရေအတွက်နှင့်ညီမျှသော ပြည်တွင်းအလုပ်သမားကို လျော့ချရမည်ဟု အတိအလင်း ဖေါ်ပြထားသည်။

မေး။ ။ အလုပ်မှ ရပ်ဆဲခံရသော်လည်းကောင်း၊ အလုပ်ဖြုတ်ခံရသောလည်းကောင်း ဥပဒေအရ မည်သည့် အကာအကွယ်များကို ရရှိနိုင်ပါသနည်း။
ဖြေ။ ။ အလုပ်လုပ်ကိုင်ခွင့်နှင့် စပ်ဆိုင်သော ၁၉၈၀ခုနှစ် ဥပဒေတွင် ယင်းအချက်များကို အသေးစိတ် ရေးသားထားသည်။

ယခုလက်ကမ်းစာစောင်တွင် ပါရှိသော အခြေခံဥပဒေများအားလုံးသည် အလုပ်လုပ်ကိုင်ခွင့် ဥပဒေ ၁၉၅၅မှ ဖေါ်ပြချက်များကို အခြေခံ၍ အများနားလည်ရန် အတတ်နိုင်ဆုံး ဘာသာပြန်ထားပါသည်။ အလုပ်သမားများ အနေဖြင့် ပြဿနာတစုံတရာ ပေါ်ပေါက်လာပါက အလုပ်သမားရုံးသို့ သွားရောက်၍ အကြံဉာဏ်နှင့် အကူအညီများ ရယူနိုင်ပါသည်။ ထို့ပြင် မလေးရှားရှေ့နေများ ကောင်စီ၏ လက်အောက်ခံအဖွဲ့ဖြစ်သော ဥပဒေကြောင်းဆိုင်ရာ အကူအညီပေးရေးအဖွဲ့နှင့် မလေးရှား ကုန်သွယ်ရေးသမဂ္ဂ (MTUC) တို့တွင်လည်း အကူအညီများ တောင်းခံနိုင်ပါသည်။

မူရင်းပြုစုသူ
လူ့အခွင့်အရေးရှေ့နေ Mr. Charles Hector
ဘာသာပြန်သူ
ထွန်းထွန်း

No comments: